‘‘ရေဇလာနဒီသေလာမဟီ ဇေယျာပြည် စစ်ကိုင်းတောင်
တစ်ခွင်လုံးပတ်ရံလည် ပုထိုးဘုရား စေတီ၊ ဘိုးဘွားအမွေတည်၊အကျိုးပွားစေရည်၊
တည်ထားနှစ်များကြာရှည် တစ်မျှော်တစ်ခေါ်သာပဲ ရှုလို့မဆုံးတော့ပြီ’’
ရတနာပုံတံတားပေါ်
စတက်လာကတည်းက ဧရာဝတီမြစ်ပြင်ကျယ်နှင့်အတူ ဘုရားပုထိုး စေတီများဖြင့်
ပြည့်လျံနေသည့် မှိုင်း ညို့ညို့ စစ်ကိုင်းတောင်က ဆီးကြိုတော့သည်။
ဧရာဝတီမြစ်ရေပြင်ကတော့ ၀ါဆို၊ ၀ါခေါင်တုန်း ကလို ပြည့်ပြည့်ဖောင်းဖောင်း
မဟုတ်တော့ဘဲ ခပ်လျော့လျော့ဖြင့် ညင်ညင်သာသာလေး စီးဆင်းနေသည်။
တချို့နေရာလေးတွေမှာ ကျွန်းလေးတွေတောင်ပေါ်ချင်ချင်။ တောင်ဘက်မှာတော့
အင်းဝတံတားခေါ် စစ်ကိုင်းတံတားကြီးက ခံ့ထည်စွာတည်ရှိနေဆဲပင်ဖြစ်သည်။
မန္တလေးမြို့ထဲမှာ မွန်းကျပ်လှောင်ပိတ်နေရသည့်
စိတ်တွေရတနာပုံတံတားပေါ်ရောက်တော့ လေနှင့်အတူ လွင့်စဉ်ရတော့သည်။
ဒါကြောင့်ထင်သည်။ ရတနာပုံတံတားကြီးဖွင့်ပြီးနောက်ပိုင်း ညဘက်ပိုင်းတွင် ၁၂
မိုင်ခန့်ဝေးသည့်မန္တလေးမြို့မှ ကားတွေ၊ဆိုင်ကယ်တွေဖြင့် တကူးတကလာကြသည်ကို
တွေ့လာရသည်။ တစ်နေ့တခြား ရုပ်ဝတ္ထုပိုင်း ဆိုင်ရာတွေ
မြန်ဆန်ပြောင်းလဲလွန်းလှသည့် မန္တလေး၏ မွန်းကျပ်မှုများအတွက် စစ်ကိုင်းသည်
ခေတ္တခဏ အေးငြိမ်းရာ နေရာလေးတစ်နေရာ ဖြစ်လာခဲ့သည်။
စစ်ကိုင်းမြို့က
မန္တလေးအတွက် ယခုကာလမှ အေးငြိမ်းချမ်းသာစေခဲ့သည်မဟုတ်ပါ။
ဒုတိယကမ္ဘာစစ်ဖြစ်ချိန် မန္တလေးသူ၊ မန္တလေးသားများ စစ်ဘေးစစ်ဒဏ်
ပုန်းရှောင်ရာအဖြစ် စစ်ကိုင်းတောင်ဆီသို့ အပြေးအလွှား လာခဲ့ကြသည်။
သာသနာတော်ထွန်းကား ရာ၊ စေတီပုထိုးများပေါများရာ စစ်ကိုင်းတောင်မှာ
ဟိုချောင် သည်ချောင် မန်းသူ၊ မန်းသား များဖြင့် ပြည့်လေတော့သည်။ မန်းသူ၊
မန်းသားများ အန္တရာယ် ကင်းဘေးရှင်းစေရန် စစ်ကိုင်းမြို့ က
စောင့်ရှောက်ပေးခဲ့သည်။
သို့ကြောင့်လား မသိ။ တန်ဆောင်မုန်း
ကထိန်လဆိုလျှင် ကျေးဇူးရှင် စစ်ကိုင်းတောင်တော် တစ်ရိုးမန်းသူ၊
မန်းသားများ၏ ကထိန်အလှူတော်များဖြင့် စည် ကားတော့သည်။ လပြည့်နေ့
နံနက်ခင်းကျင်းလှူဒါန်းဖို့ မတိုင် မီတစ်ရက် အဖိတ်နေ့ နေ့ခင်း နေ့လယ်ကတည်းက
ကားကြီး၊ ကားငယ် အသွယ်သွယ်ဖြင့် စစ်ကိုင်းတောင်ဘက် ခြေဦးတည် ကြသည်။
လှူဖွယ်ပစ္စည်းတွေ လှပအောင်ဆင်၊ ညဘက်ဝတ်ဖို့ အနွေးထည်ထူထူထဲထဲတွေ ထည့်၊
ဆောင်းဘောက်တွေ အသံချဲ့စက်တွေ ကားပေါ်တင် ကာ မန္တလေးတစ်မြို့လုံး စစ်ကိုင်း
တောင်ဆီ ရွှေ့ပြောင်းကြတော့ သည်။ တောင်ပေါ်ရောက် လှူ ဖွယ်ပစ္စည်းတွေချပြီး
လူကြီးတွေ ကတော့ နောက်တစ်နေ့အတွက် ချက်ဖို့ ပြုတ်ဖို့ ပြင်ဆင်ကြသည်။
လူငယ်လူလတ်တွေကတော့ စစ်ကိုင်းတောင်တော် တစ်ရိုးခြေ ဆန့်ကြတော့သည်။
လပြည့်ညရောက်ရန် တစ် ညသာလိုတော့သည်မို့ လ၀န်းက ပြည့်ပြည့်၀၀ သာစပြုလေပြီ။
တရုတ်စံကားပန်းရနံ့တွေ တစ် ချက်တစ်ချက် ရှူရှိုက်ရသည်။ စစ်ကိုင်းတောင်ရိုး
သစ်ပင်တွေ အုံ့ဆိုင်းနေသည့် လမ်းတွေပေါ် လရောင်က ပြောက်တိ ပြောက် ကျား
ဝင်ရောက်နေသည်။ တန် ဆောင်မုန်းလလည်း ဖြစ်ပြန်၊ တောင်ပေါ်လည်း ဖြစ်ပြန်ဆို
တော့ အနွေးထည်ကိုယ်စီ ၀တ် ထားကြရသည်။ တိတ်ဆိတ်ငြိမ် သက်လှသည့်
စစ်ကိုင်းတောင် ရိုးပေါ်မှာ တစ်ဦးကိုတစ်ဦး စနောက်ရင်း
ဆွမ်းဦးပုညရှင်စေတီတော်ဆီ အရောက်သွားကြ သည်။
ဆွမ်းဦးပုညရှင်
စေတီတော် ကနေ အရှေ့ဘက်ကို လှမ်းမျှော် ကြည့်လိုက်တော့ မီးရောင်တစ်
လက်လက်ဖြင့် မန္တလေးမြို့က လှုပ်ရှားနေဆဲ ဖြစ်သည်။ ဧရာဝတီမြစ်ရေပြင်ကတော့ လ
ရောင်နှင့်အတူ အေးအေးငြိမ့် ငြိမ့်လေးစီးဆင်းနေသည်။
မြစ်တစ်ဖက်ကမ်းရွှေကြက် ကျစေတီတော် ခြေရင်းမှာမော် တော်အချို့ ဆိုက်ကပ်ရင်း
အနား ယူနေပုံရသည်။ ရတနာပုံတံတား ပေါ်မှာတော့ ကားတွေဆိုင်ကယ် တွေက
ဥဒဟိုသွားလာနေတုန်း။
လရောင်ဖွေးဖွေးမှာ ထုံးဖြူ ဖြူစေတီတော်တွေဆီ
ဦးခိုက်သွား လာရင်း ညဥ့်နက်တော့ တည်းခို ရာချောင်တွင် ပြန်အိပ်စက်ဖို့
ပြင်ရသည်။ လူကြီးတွေကတော့ ချက်ရင်း ပြုတ်ရင်း ရှေးဟောင်းနှောင်း ဖြစ်ပြောကာ
တန်ဆောင်မုန်းက ထိန်ည ဖြတ်သန်းကြသည်။ လူ ငယ်အချို့ကတော့ အပျော်အ ပျက်
စရင်းနောက်ရင်း သီချင်းဆိုသူကို ဆိုနှင့် အပျင်းဖြေကြ တာလည်း ရှိသည်။
လည်ပတ်ခဲ့သူတွေကတော့ ညောင်းလည်း ညောင်း ချမ်းလည်းချမ်းလာတာ မို့
သီလရှင်ကြီးတွေ ထုတ်ပေး သည့် ပခုက္ကူစောင်တွေ ခြုံကာတစ်ဦးနှင့်တစ်ဦး
တိုးဝှေ့ရင်း အိပ်စက်ကြတော့ သည်။
စစ်ကိုင်းက တန်ဆောင်မုန်း
တန်ဆောင်တိုင်အပြင် သင်္ကြန် ချိန်ကာလ အခါကြီး ရက်ကြီးတို့ တွင်လည်း
အဝေးဧည့်သည်တွေဖြင့် စည်ကားလေ့ရှိသည်။ သင်္ကြန်ကာလမှာတော့
စစ်ကိုင်းတောင်တစ်ကြောက ချောင်တွေမှာတရားစခန်းဝင်၊ ဒုလ္လဘ၀တ်ပြီး အား
လပ်ရက်မှာ တရားဓမ္မတွေနဲ့ ပျော်မွေ့ကြသည်။
ယခင်က ထုံးဖြူဖြူ၊ ယခု
တော့ မင်းအလိုကျ ရွှေရောင် တစ်ပြောင်ပြောင် ဖြစ်သွားခဲ့ရ သည့် ကောင်းမှုတော်
စေတီတော် ကြီး၊ ချောမွေ့မွေ့ကတ္တရာလမ်း များ အုံ့ဆိုင်းဆိုင်း သစ်ပင်ရိပ်
တွေကြားက စစ်ကိုင်းကမ်းနား လမ်းနှင့် နိမ့်လိုက်မြင့်လိုက်
စစ်ကိုင်းတောင်ရိုးကြား ဖြတ် သန်းရင်းခိုတောင်ရွာမှာ မုန့်တီ ၀င်စားကာ
မင်းကွန်းပုထိုးတော် ကြီးသို့ အလည်အပတ်သွားရ သည်မှာလည်း စစ်ကိုင်း၏ ရသ
တစ်မျိုးပင်။
ခေတ္တလည်ပတ်သည့် ဧည့်သည်များက စစ်ကိုင်းမြို့
အေးချမ်းငြိမ်ဆိတ်တာကို သဘောကျသည်။ မြို့ခံတွေကတော့ တိုင်းဒေသကြီးတစ်ခု၏
မြို့တော်ဖြစ် နေပြီး စီးပွားရေးအရ မဖွံ့ဖြိုး လှသည့် စစ်ကိုင်းမြို့ကို
အားမ လို အားမရ ဖြစ်ပုံရသည်။ လွန်ခဲ့သော ၂ နှစ်ကျော်ခန့်က စစ်ကိုင်းမြို့
ဖွံ့ဖြိုးရေး အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုတွင် စစ်ကိုင်းမြို့ကို
မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီနယ်နိမိတ် ထဲ သွတ်သွင်းပေးဖို့
တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူများအား တင်ပြပါလေတော့သည်။
လူကြီးတွေကတော့ စစ်ကိုင်းမြို့ဟာ စစ်ကိုင်းတိုင်းရဲ့
မြို့တော်ပဲဖြစ်ကြောင်း၊ စစ်ကိုင်းမြို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက်
စီစဉ်ထားသည့် စီမံကိန်းရှိကြောင်း ရှင်းပြသည်။ စစ်ကိုင်းမြို့သားတွေကလည်း
မိမိတို့မြို့ ဖွံ့ဖြိုးရေးအတွက် အစီအမံတွေ တိုင်းအစိုးရကို
တင်ပြနေသည်ဟုလည်း ကြားရသည်။ဘယ်လိုပဲဖြစ်ဖြစ် သာယာရှုမောဖွယ်
စစ်ကိုင်းမြို့ကြီးကတော့ မကြာမီနှစ် ၇၀၀ ပြည့်တော့မည် ဖြစ်သည်။ နှစ် ၇၀၀
ပြည့်ပွဲကိုလည်း ခမ်းခမ်းနားနား ကျင်းပရန် စီစဉ်နေကြပြီ ဖြစ်သည်။
စစ်ဘေး ဒဏ်ကြောင့် ဆရာမြို့မငြိမ်းစစ်ကိုင်းချောင်မှာ ခိုလှုံနေရချိန်
ရေးသားခဲ့သည့် ‘‘စစ်ကိုင်းတောင်’’သီချင်းလေး နားထဲကြားယောင်မိသည်။
‘‘သမိုင်းပြောင်းမညှိုး စစ်ကိုင်းတောင်တော်ရိုးမှာလေ မြူခိုးရှက်ဆိုင်း
အုံ့မှိုင်းပြာရီဝေ မှုန်မှုန်ရီဝေ စေတီပုထိုးဘုရားမိုးဖျားမြင့်သီ ခေါင်ဘွေ
တောင်တွေ စိမ့်စမ်း ချောင်တွေ သိန်းသန်းခေမာ သောင်ကမ်းတက်လှမ်းအောင်
မြင်မြေ မေဓာဝီလေး တောမှီသုံး တဲ့ ယောဂီထုံးရှာပေ။ ရောက်ကြဖူးသလား
ဇေယျာရွှေမြေ မြစ်ရေခွေဝန်း လျှမ်းရှုဆန်းဖြာတွေ စစ်ကိုင်းတောင်ခြေအရောက်
သွား တရားရှာချေ။ ဗုဒ္ဓဘာသာမြန်မာတစ်တွေ အတာကူးတဲ့ နှစ်ဦး ဂိမှာန်နွေ’’
စစ်ကိုင်းသည် မန္တလေး လောင်းရိပ်မိတာကြောင့် မဖွံ့ဖြိုးတာဟုဆိုကြသည်။ တကယ်
တမ်းကျတော့ မန္တလေးသည် စစ်ကိုင်းရင်ငွေ့ခိုလှုံနေရသည် သာ ဖြစ်သည်။
ဘယ်အချိန်ဘယ် ကာလရောက်ရောက် မန္တလေးသူ၊မန္တလေးသားတွေအတွက် အေး
ငြိမ်းချမ်းသာများ ပေးစွမ်းခဲ့သည် သာ ဖြစ်သည်။ မန္တလေးသူ၊မန္တလေးသားတွေအတွက်
စစ်ကိုင်းမြို့သည် နတ်တို့ ဖန်ဆင်း ပေးသည့် နတ်ရွာတစ်ခုပင် ဖြစ်ပါ
လေတော့သည်။
ဓာတ်ပုံ−ညီညီဇော်
7Day Daily
Saturday, October 18, 2014
ဇေယျာမြေ (သို့မဟုတ်) မြို့တော်ဟောင်း၏ သက်ငြိမ်ရုပ်ပုံလွှာ
Unknown /  at 6:48 AM /  No comments
Share
Posted in: article
Posted on: Saturday, October 18, 2014
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
0 comments: