Tuesday, August 12, 2014

အထနှေးခဲ့ပေမယ့် ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အောင်ပွဲဆင်ခဲ့တဲ့ ရန်ကုန်

Unknown  /  at  10:57 AM  /  No comments



မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)မှ ကြီးမှူးကျင်းပလျက် ရှိသော MNL Myanmar 2014 အမှတ်ပေးဘောလုံး ပြိုင်ပွဲကြီး၏ ပွဲစဉ်အမှတ်(၉၇)အဖြစ် ဇေယျာရွှေမြေ အက်ဖ်စီနှင့် ရန်ကုန်ယူနိုက်တက် အက်ဖ်စီတို့သည် (၁၂-၈-၂၀၁၄) ရက်နေ့၊ ညနေ(၄)နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ မူလက အဆိုပါပွဲစဉ်ကို ဇေယျာရွှေမြေအသင်း၏ အိမ်ကွင်းဖြစ်သော မုံရွာကွင်းတွင် ကစားရန်စီစဉ်ထားသော်လည်း ကွင်းပြုပြင်မှုများ ပြုလုပ်နေသောကြောင့် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက် အသင်းသည် အမှတ်ပေးဇယား ပထမနေရာမှ ရတနာပုံအသင်းကို ဆက်လက်ဖိအားပေးနိုင်ရန် အတွက် အမှတ်လိုအပ်လျက်ရှိရာ ဤပွဲစဉ်ကို ဆီဇာ၊ အီမာဆန်၊ ကျော်ကိုကို၊ ဒေးဗစ်ထန်း၊ အလက်ဇန္ဒား၊ အက်တန်အစရှိသော အားထားရသည့် ကစားသမားများဖြင့် ပွဲထွက်ခဲ့သည်။ အသင်းကြီးများကို ဒုက္ခပေးလေ့ရှိသော ဇေယျာရွှေမြေအသင်းသည်လည်း ပွဲစခရာမှုတ်လိုက်သည်နှင့် ရန်ကုန်အသင်းကို ဖိအားပေးကစားရန် အကောင်းဆုံးပြင်ဆင်ထားခဲ့သည်။
ပွဲချိန်(၁၅)မိနစ်တွင်ပင် ဇေယျာရွှေမြေ ကျောနံပါတ်(၁၀) အီဒိုကို ဆန်းဒေးက ရန်ကုန်ဂိုးသမား အက်တန်၏ ဘယ်ဘက်သို့ အနိမ့်ဘောအပြင်းကန်သွင်းကာ အဖွင့်ဂိုးသွင်းယူပေးခဲ့သဖြင့် ရန်ကုန်အသင်း ဖိအားများသွားခဲ့ရသည်။ သို့ရာတွင် နောက်(၅)မိနစ်အကြာ ပွဲချိန်(၂၀)မိနစ်တွင် ရန်ကုန်ကျောနံပါတ်(၂၀) အီမာဆန်က အနီးကပ်ဂိုးသွင်းယူခွင့် ရခဲ့သော်လည်း ဇေယျာရွှေမြေ နောက်ခံလူများက ဂိုးစည်းပေါ်မှ ဖျက်ထုတ် ကာကွယ်နိုင်သဖြင့် ချေပဂိုးမဖြစ်ခဲ့ပေ။ ဇေယျာရွှေမြေသည် ပထမပိုင်း တစ်လျှောက်လုံး ရန်ကုန်အသင်း၏ တိုက်စစ်ကို ကောင်းစွာတုန့်ပြန်နိုင်ခဲ့ကာ (၁-၀)ဂိုးရလဒ်ဖြင့် ပထမပိုင်းကို ပြီးဆုံးနိုင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ပြီးနောက် ရန်ကုန်အသင်း၏ လူကပ်ကစားပုံနှင့် အပေးအယူများ သိသိသာသာ ပြန်လည်ကောင်းမွန်လာပြီး ပွဲချိန်(၅၇)မိနစ်တွင် ကျောနံပါတ်(၂၀) အီမာဆန်က ဘယ်တောင်ပံမှ ထိုးဖောက်၍လည်းကောင်း၊ ပွဲချိန်(၇၆)မိနစ်တွင် ကျောနံပါတ်(၁၃) ဆီဇာက ဇေယျာရွှေမြေ နောက်တန်းကို ထိုးဖောက်၍လည်းကောင်း အသီးသီး ဂိုးသွင်းယူခဲ့ကြသဖြင့် (၁-၂)ရလဒ်ဖြင့် ရန်ကုန်ယူနိုက်တက်သည် ပွဲကို ဦးဆောင်ခွင့်ရရှိခဲ့သည်။ ထပ်ဆောင်းအချိန်ပို(၂)မိနစ်တွင် ရန်ကုန်ကျောနံပါတ်(၇) ကျော်ကိုကိုသည် လူစားဝင် လူငယ်ကစားသမား သန်းထက်အောင်၏ ဖန်တီးပေးမှုမှတစ်ဆင့် အပိတ်ဂိုးသွင်းယူကာ ရန်ကုန်အသင်းအတွက် ဂိုးပြတ်နိုင်ပွဲကို ဖန်တီးပေးခဲ့တော့သည်။ ဤနိုင်ပွဲကြောင့် ရန်ကုန်ယူနိုက်တက်သည် အမှတ်ပေးဇယား ဦးဆောင်သူ ရတနာပုံအသင်း၏နောက် ရမှတ်(၄)မှတ်အကွာဖြင့် ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။
credit;MNL

Share
Posted in: Posted on: Tuesday, August 12, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.