Tuesday, August 12, 2014

ရှင်ဖြူ ရှင်လှ စေတီတော်

Unknown  /  at  10:42 AM  /  No comments






သက္ကရာဇ်(၄၅၄) ခုနှစ်၊ပုဂံပြည်၌ နန်းစံတော်မူသော ဘိုးတော်ပေးသောဘွဲ့  သီရိဇေယျသူရ၊ သိကြားမင်းပေးသောဘွဲ့  သီရိတြိဘ၀နာဒိတျာ ပ၀ရပဏ္ဍိတ သုဓမ္မရာဇာ မဟာဓိပတိ နရပတိစည်သူ အမည်တော်ခံ အလောင်းစည်သူမင်းတရားကြီးသည် သန်းပေါင်းများစွာသော စစ်သည်ဗိုလ်ပါ အလုံးအရင်းဖြင့် ပုဂံပြည်မှ ဖောင်စင်္ကြာဖြန့် ၍ ဆန်တက်လှည့်လည်တော်မူရာ စစ်ကိုင်းတောင်ရိုး ရှင်ဖြူ ရှင်လှ ဆိပ်ကမ်းအနီးသို့  ဆိုက်ရောက်လာသည်။

သိကြားမင်းဆက်သလိုက်သော ဗုဒ္ဓရုပ်ပွား ကျောက်သားဆင်းတု ရှင်ဖြူဘုရားနှင့် ဗောဓိညောင်သား ရှင်လှဘုရား ရုပ်ပွားတော်(၂)ဆူကို တစ်ပါတည်း အပူဇော်ခံ ပင့်ဆောင်လာခဲ့ရာ အဆိုပါ ရှင်ဖြူ ရှင်လှ ဆိပ်ကမ်းအနီး ရောက်လာခိုက်တွင် ဒီဒေသ ဒီဌာနမှာ အမြဲနေတော့မည်ဆိုတဲ့အသံကို ရုတ်တရက် ကြားလိုက်ရသောကြောင့် ဖောင်တော်ကို ဆိပ်ကမ်းသို့  ကပ်စေပြီး ရုပ်ပွားတော်(၂)ဆူကို ရှင်ဖြူ ရှင်လှရွာအတွင်းရှိ ဖောင်တော်ဦး ဖောင်တော်ပဲ့ဘုရားနေရာမှာ ခေတ္တ သီတင်းသုံးစေပါသည်။

ထိုမှတဆင့် နာဂရမ္မာအမည်ရှိ တောင်ကုံးပေါ်သို့  ပင့်ဆောင်ပြီးလျှင် အလောင်းစည်သူမင်းတရားကြီးက သက္ကရာဇ်(၄၇၈) ခုနှစ်တွင် ရှင်ဖြူ-ရှင်လှဘုရား(၂)ဆူကို ဌာပနာသွင်း စေတီတည်ပူဇော်ထားလေသည်။ ဘွဲ့ တော်ကိုလည်း ဘုရား(၂)ဆူတို့ ၏ အမည်ရင်းအတိုင်း ရှင်ဖြူ-ရှင်လှဘုရား+ရှင်ဖြူ-ရှင်လှစေတီတော်ဟု သမုတ်လေသည်။

ဗုဒ္ဓပူဇနိယပွဲတော်မှာ နှစ်စဉ် တော်သလင်းလကွယ်နေ့  ဖြစ်သည်။ စာရေးတံမဲ ပဒေသာပင်များ ပါဝင်စေလျက် ဆွမ်းလောင်းပွဲကြီးများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ကြလေသည်။

သဗြူးမြသောင်း(ဓမ္မာစရိယ)




Share
Posted in: Posted on: Tuesday, August 12, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.