Monday, July 28, 2014

ခြင်္သေ့သုံးဆယ်စေတီ/သားဆုပန်စေတီ/ရှစ်ထောင့်ချိုးစေတီ

Unknown  /  at  12:28 PM  /  No comments

Photo: >>>ခြင်္သေ့သုံးဆယ်စေတီ/သားဆုပန်စေတီ/ရှစ်ထောင့်ချိုးစေတီ<<<

ခြင်္သေ့သုံးဆယ်စေတီတော်သည် စစ်ကိုင်းတောင်ရိုး ရှင်ပင်နန်ကိုင်းဘုရား၏ အနောက်ဘက် ပြာပုံတော်ဘုရား၏ အရှေ့ဘက်တွင် တည်ရှိသည်။
အင်းဝ မိုးညှင်းမင်းတရားလက်ထက် သီရိလင်္ကာနိုင်ငံမှ အရှင်သီရိသဒ္ဓမ္မာလင်္ကာရ နှင့် အရှင်သီရိသီဟဃသာမိတို့က ပင့်ဆောင်လာသော ဓာတ်တော်များကို မိုးညှင်းမင်းတရားအား ပေးအပ်သဖြင့် မင်းတရားကြီးက သက္ကရာဇ် (၇၉၂)ခုနှစ်တွင် ဆင်မြားရှင်ဘုရားကို တည်ထား ပူဇော်သည်။
ထိုဓာတ်တော်များကို ပင့်ဆောင်လာသော သီဟိုဠ်ရဟန်းတော် နှစ်ပါးတို့က သုံးလူ့မှန်ကူဘုရားကုန်းပေါ် ကျောင်းဆောက်သီတင်းသုံး နေထိုင်တော်မူကြစဉ် ထိုရဟန်းတော်တို့၏ တပညာဒကာတစ်ယောက်က ခြင်္သေ့သုံးဆယ်စေတီတော် တည်ထားကြောင်း အစဉ်အဆက်ပြောရိုးရှိပေသည်။
ဤတောင်ကုန်း ဤနေရာတွင် စေတီတည်ပူဇော်ပါသည်။ ဤကောင်းမှုကြောင့် အရိယာသူတော်ကောင်းကြီးများ မိမိတို့လိုအပ်သည့် ဗောဓိဆုရသွားကြသလို တပည့်တော်များ လိုအပ်သည့် ဗောဓိဆုပါ ရပါစေသား။ အထူးအားဖြင့် တပည့်တော်များနှင့်တကွ သားသမီးရလိုသူတိုင်း သားသမီး ထွန်းကားပါစေသား ဟူ၍ သစ္စာအဓိဌာန်ပြု ဆုတောင်းခဲ့လေသည်။
ဘုရားဒကာ၏ သစ္စာအဓိဋ္ဌာန်ပြုချက်အရ စေတီတော်မှာ ခြင်္သေ့ရုပ် အကောင်ပေါင်း ခြောက်ဆယ်ရှိရာ အနောက်ဘက်မျက်နှာရှိ အလယ်ခြင်္သေ့ရုပ်မှာ လူသား သားငယ်(သူငယ်) လေးပိုက်ထားသည်။ သားသမီးရလိုသူတို့က ဆုတောင်းနိုင်ရန် သမိုင်းကြောင်း ဖော်ပြထားခြင်းဖြစ်ပေသည်။
ယခုအခါ ထိုသစ္စာပြုအဓိဋ္ဌာန်ပြုထားချက်အရ သားသမီးရလိုသူတိုင်းက ဤဘုရားသို့ လာရောက်ပူဇော်ကြပြီးလျှင် လင်ယောက်ျားက ခြင်္သေ့ရုပ်ပေါ်မှ လောင်းချလိုက်သည့်ရေကို ဇနီးဖြစ်သူက ခွက်တစ်ခုခုနှင့်ခံယူပြီး ထိုရေကို အဓိဋ္ဌာန်ဆုပန်၍ သောက်သုံးပါက သားသမီးများ ထွန်းကားလာတတ်ကြောင်း သိရပေသည်။ သားဆုပန်လျှင် ပြည့်စုံတတ်ကြောင်း သိရပေသည်။ သားဆုပန်လျှင် ပြည့်စုံတတ်ကြောင်းကို ထိုဘုရားရှေ့ ဓမ္မာရုံကြီးက သို့မဟုတ် ထိုဓမ္မာရုံအလှူရှင် မိသားတစုတို့က ရလိုသူတိုင်းဝမ်းမြောက်မှု ရှိစေရန် သက်သေခံလျက်ရှိနေပေသည်။
စေတီတော်မှာ ခြင်္သေ့ရုပ်(၆၀)ရှိသော်လည်း ခြင်္သေ့သုံးဆယ်ဟူ၍သာ ခေါ်ဝေါ်နေကြပေသည်။ ဘုရားဘွဲ့တော်မှာ ခြင်္သေ့သုံးဆယ်စေတီဟူ၍ လည်းကောင်း သားဆုပန်စေတီဟူ၍ လည်းကောင်း ရှစ်ထောင့်ချိုးစေတီတည်ထားသောကြောင့် ရှစ်ထောင့်ချိုးစေတီဟူ၍ လည်းကောင်း နာမည်သုံးမျိုးဖြင့် ထင်ရှားသည်။
ထိုစေတီတော်ကို ဝေဠုဝန်ဆရာတော်တို့က ထိန်းသိမ်းစောင့်ရှောက်ထားသည်။

သဗြူးမြသောင်းရေး စစ်ကိုင်းမြို့ စစ်ကိုင်းတောင် မင်းဝံတောင်ရှိ ဘုရားစေတီပုထိုးတော်များ သမိုင်းပေါင်းချုပ် မှ ကူးယူဖော်ပြပါသည်။

အောင်အောင်လင်းလင်း
credit to>>>Sagaing Pagoda

Share
Posted in: Posted on: Monday, July 28, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.